ရာသီလာချိန်မှာ အသုံးပြုတဲ့ pad တွေကြောင့် အရေပြားပွန်းခဲ့ရင်
ရာသီလာတယ်ဆိုတာက အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်း တစ်လတစ်ကြိမ် မလွဲမရှောင်သာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာပါ။ ရာသီလာတာက ၃ ရက် ကနေ ၇ ရက် အထိကြာတတ်ပြီး အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် သွေးဆင်းတဲ့ ရက်ကာလအပိုင်းအခြားတွေတော့ မတူကြပါဘူး။
ဒီလိုရာသီလာတဲ့အခါ ရာသီသွေးတွေကို ပေကျံတာမျိုး မဖြစ်စေဖို့အတွက် Tampons၊ Pads၊ Menstrual cups ၊ period underwear ဆိုပြီး အသုံးပြုရတဲ့ ပစ္စည်းတွေကတော့ အမျိုးမျိုးပါ။ ဒီအထဲမှာမှ အမျိုးသမီးအများစု အသုံးပြုဖြစ်တာက pads လို့ခေါ်တဲ့ လစဉ်သုံးပစ္စည်းပါ။
Pad က အလွယ်တကူဝယ်ယူလို့ရသလို ဈေးနှုန်းကလည်း အခြားအာတွေထက် သက်သာတာကြောင့်ပါ။ အလွယ်တကူသယ်သွားလို့လွယ်သလို အသုံးပြုရလွယ်ကူတာကြောင့်လည်း ပါပါတယ်။
ဒီလို pad ကို အသုံးပြုတဲ့အခါ ရာသီရက်ကြာရင် ကြာသလောက် အရေပြားမှာ ထိခိုက်ပွန်းရှတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အတော်လေး အနေရအထိုင်ရ ခက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် သက်သာအောင် ဘယ်လို လုပ်ရပါ့မလဲဆိုပြီး စိတ်ညစ်နေတဲ့ ညီမလေးတွေ၊ မမတွေ ရှိကြလား? ဒါဆိုရင်တော့ ဖြေရှင်းနည်းလေးကို အတူတူ ဖတ်လိုက်စို့နော်။
Pads ကြောင့် အရေပြား ပွန်းခဲ့သော်
Pads ကြောင့် အရေပြားမှာ လောင်တာ၊ ပွန်းတာတွေ ဖြစ်မယ်ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ။
မှန်ကန်တဲ့ pad ရွေးချယ်ပါ
ရာသီလာချိန်မှာ Pad ကြောင့် အရေပြားပွန်းတာမျိုး မဖြစ်စေဖို့ဆိုရင် သေချာလေး ဂရုစိုက်ရမယ့် အချက်တစ်ခုက ကိုယ်နဲ့ကိုက်ညီမယ့် pad ကို ရွေးချယ်ရမှာပါ။ ဥပမာ - ဂွမ်းသား နဲ့လုပ်ထားတာကို သုံးမလား၊ ချည်သားနဲ့ လုပ်ထားတာက ကိုယ်နဲ့ အဆင်ပြေမလား ဆိုတာကိုပါ။
ဘာတွေပါဝင်ထုတ်လုပ်ထားသလဲဆိုတာကိုလည်း မေ့မထားပါနဲ့။ နောက်တစ်ချက်က နေ့သုံးက အဆင်ပြေတာလား၊ ညသုံးအထူက အဆင်ပြေမလားဆိုတာကိုပါ သေချာလေး ရွေးချယ်ရပါမယ်။
အတွင်းခံကို ပွပွချောင်ချောင် ဝတ်ပါ
ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေဖို့ အတွင်းခံကို တင်းတင်းရင်းရင်း ဝတ်ဖို့လိုတယ်ဆိုပေမယ့် ရာသီလာနေချိန်မှာတော့ အရေပြားထိခိုက်ပွန်းရှတာ၊ အနံ့ဆိုးထွက်တာတွေ ကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အတွင်းခံကို ပွပွချောင်ချောင် ဝတ်ဆင်တာပါ။ ဒီနေရာမှာ သတိထားရမယ့် နောက်တစ်ချက်က အတွင်းခံက ချည်သားဖြစ်နေရင် ပိုကောင်းပါတယ်။ အတွင်းခံက နိုင်လွန်သားပါရင် လေဝင်လေထွက်မကောင်းဘဲ အရေပြား ထိခိုက်နိုင်ခြေလည်း များလို့ပါ။
ချည်သားက ချွေးစုပ်တာကြောင့် အရေပြားကိုလည်း ထိခိုက်နိုင်ခြေ နည်းစေမှာပါ။
ခြောက်သွေ့သန့်ရှင်းနေပါစေ
ရာသီလာချိန်မှာ pad နဲ့ ပွန်းရှိမှု ဖြစ်ရတဲ့ အဓိက အကြောင်းအရင်း တစ်ခု ရှိပါတယ်။ ဒါကတော့ စိုစွတ်နေမှုပါပဲ။ ရာသီသွေးတွေကို pad က စုပ်ယူတယ်ဆိုပေမယ့် ချက်ချင်း စုပ်ယူနိုင်တာ မဟုတ်ပါဘူး။ ဒီတော့ အရေပြားက စိုထိုင်းဆ များနေမှာပါ။ ဒါ့အပြင် ရေအိမ်ဝင်ပြီးချိန်တွေမှာ ရာသီလာနေတာကြောင့် တစ်သျှူးမသုံးမိဘူးဆိုရင် အရေပြားရဲ့ စိုထိုင်းမှုက ပိုများသွားနိုင်ပါတယ်။
ဒါကြောင့် ရာသီ လာချိန်မှာ pad ကြောင့် ပွန်းရှတာမျိုး မဖြစ်စေဖို့ဆိုရင် ရေအိမ်ဝင်ပြီးချိန် အပါအဝင် အချိန်တိုင်းလိုလိုမှာ ခြောက်သွေ့သန့်ရှင်းနေအောင် ဂရုစိုက်ပေးပါ။
အုန်းဆီ
အုန်းဆီက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရေပြားကို ကျန်းမာစေပါတယ်။ ဒါကြောင့် ရာသီလာနေချိန်မှာ အရေပြားကို ထိခိုက်ပွန်းရှတာတွေကို ပိုးမဝင်စေဖို့နဲ့ သက်သာစေဖို့အတွက် အရေပြားကို ခြောက်သွေ့အောင် သုတ်ပြီး အုန်းဆီလေး လိမ်းပေးပါ။
ရှားစောင်းလက်ပပ်
Pad တွေကြောင့် အရေပြားမှာ ဖြစ်တဲ့ ပွန်းရှိမှုတွေကို သက်သာစေဖို့အတွက် ရှားစောင်းလက်ပပ် ဂျယ်လီသားကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားကို ခြောက်သွေ့အောင် ထားပြီး တစ်နေ့ကို ၂ကြိမ်လောက် ရှားစောင်းလက်ပပ် ဂျယ်လီသား နဲ့ ပွတ်ပေးပါ။
ဒီလိုမျိုး pad ကြောင့် ပွန်းတာက အမျိုးသမီးတိုင်းမှာ ဖြစ်တတ်သလို ရာသီလာပြီးလို့ ၂ ရက်ကနေ ၁ ပတ်လောက်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် သေချာဂရုမစိုက်ရင် အရေပြား ပိုးဝင်တာမျိုး ဖြစ်နိုင်တာကြောင့် သတိထားဖို့ သတင်းပါးလိုက်ပါရစေ။
ရေးသားသူ - မွန်မွန်